လမင်းကြီးကပြောတယ်
ငါလည်းတစ်ယောက်တည်းအထီးကျန်နေတာပဲ
ဒါပေမဲ့ အေးအေးဆေးဆေးပဲလေ ငါ့လိုနေကြည့်ပါလား
သြော် လမင်းရယ် မင်းနဲ့ငါနဲ့မှမတူတာ
ငါကတော့ မင်းလို အထီးကျန်ဆန်စွာမနေချင်ပါဘူး
လေပြေလေးကပြောတယ်
မင်းသိပ်ပျင်းနေရင် မင်းချစ်တဲ့သူဆီ ငါခေါ်သွားပေးရမလား
ကောင်းတာပေါ့ လေပြေရယ် ဒါပေမဲ့ မြန်မြန်ရောက်အောင်
မင်းကိုမင်းလေပြင်းအဖြစ် အရင်ပုံစံပြောင်းလိုက်ပါလား
မိုးစက်တွေကပြောတယ်
မင်းငိုနေတာတွေကို သူကသိနိုင်ပါ့မလား
ဘယ်သိနိုင်မလဲ ငါ့မျက်ရည်တွေကို
မင်းကမိုးစက်တွေနဲ့ရောပစ်လိုက်ပြီကို
မင်းကိုသိပ်မုန်းတယ်……….မိုး
ဧရာဝတီမြစ်ကြီးကပြောတယ်
မင်းကတစ်နေ့တစ်နေ့ ငါ့ကိုဘဲ လာလာငေးကြည့်နေတာ
ငါတော့ရှက်လာပြီတဲ့
မဟုတ်ရပါဘူး မင်းကိုကြည့်နေလည်း ငါ့မျက်စိထဲမှာ
မင်းကိုမမြင်ပါဘူးကွာ
ငါ့စိတ်ထဲမှာရှိတဲ့သူကိုဘဲ မြင်နေတာပါ စိတ်ချလက်ချနေ
ငှက်ကလေးကပြောတယ်
မင်းပြောချင်နေတာတွေကို ငါတို့ကိုယ်စားသွားပြောပေးရမလား
နေပါစေဟာ မင်းတို့ကိုဆူညံတယ်ဆိုပြီး
သူကပြန်မောင်းထုတ်နေပါဦးမယ်
ဆရာဝန်ကပြောတယ်
စိတ်ပြေလက်ပျောက်ခရီးတစ်ခုထွက်ပါလား တဲ့
ခရီးသွားရင်သူ့ကိုပိုသတိရမှာပေါ သူ့ကိုမေ့ဖို့ဆိုတဲ့
မဖြစ်နိုင်တဲ့စကားကိုပြောမယ့်အစား
ကျွန်တော်ခေါင်းကိုပဲ ရိုက်ခွဲပြီး
အတိတ်မေ့အောင်လုပ်ပေးပါလား ဒေါက်တာရယ်
ဒါကတော့စိတ်ထဲမှာပြောလိုက်တာပါ
ဗေဒင်ဆရာကပြောတယ်
ယတြာချေလိုက်ပါလား တဲ့
နေပါစေဆရာ ယတြာချေမှရလာမယ့် အဲ့လိုအချစ်မျိုးကို
လုံးဝမလိုချင်တောလို့ပါ
ကြယ်လေးတွေကပြောတယ်
ငါတို့တစ်ယောက်ယောက်ကြွေသွားရင်
မင်းဆုတောင်းလိုက်ပါလား ပြည့်လိမ့်မယ်တဲ့
တော်ပါပြီဟာ ငါ့ဆုတောင်းပြည့်ဖို့ မင်းတို့တွေကိုမကြွေစေချင်ပါဘူး
အဲဒီအစား ငါ့ရဲ့ဆုတောင်းပြည့်အောင် မင်းတို့ကော
ဝိုင်းပြီးဆုတောင်းပေးကြရင် ပိုမကောင်းဘူးလား
နှလုံးသားကပြောတယ်
သူ့ကိုအရမ်းချစ်တာဘဲတဲ့
မင်းဘာသာမင်းချစ်တာ ငါနဲ့ဘာဆိုင်လဲ ချစ်တာနဲ့မုန်းတာ
အလုပ်နှစ်ခုဘဲလုပ်တတ်တဲ့
မင်းကိုလည်းသိပ်မုန်းတယ်
ဟောဗျာ ငိုသွားပြီ
မငိုပါနဲ့ဟာ တိတ်တော့နော်
မင်းချစ်သလိုငါလည်းသူ့ကိုလိုက်ချစ်ပေးပါ့မယ်
မင်းနဲ့ငါလက်တွဲမဖြုတ်သရွေ့ပေါ့
ညလည်းနက်လာပြီ
တစ်ယောက်တည်း သိမ်ငယ်မှုတွေနဲ့ချောက်ခြားနေတယ်
စိတ်ကူးတွေနဲ့လည်းရူးနေတယ်
အိပ်လည်းမပျော်ဘူး
ဒါပေမဲ့ အိပ်ရမယ် အပြင်မှာမတွေ့ရပေမဲ့လည်း
အိပ်မက်ထဲမှာတွေ့ခွင့်ရရင်………..ဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့ပေါ..............